
ခရေပွင့်တွေ
တဖွဲဖွဲကြွေလွင့်နေတဲ့
ရွှေအိုရောင်ရင့်ရင့်ခြယ်
ညနေခင်းအရိပ်မှာ
ညီမလေးရေ .. .
မင်းနဲ့ ငါရဲ့ စိတ်တွေ
ကဗျာတစ်ပုဒ်နဲ့ 
ခရေပန်းရနံ့ တွေကြား
လွင့်မြောနေကြ ။
နောက်ပြန်လှည့်မရတဲ့
လမ်းကအလွမ်းအဆွေးတွေ
တပွေ့ ကြီးယူလာမှာကို စိုးတယ်
ညီမလေးရေ ...
မင်းနဲ့ ငါ
နေမမြင် .. လမမြင်
လမ်းမမြင် .. ကမ်းမမြင်
နှလုံးသားမြစ်တစ်စင်းပေါ်
ပွင့်ဖတ်တံတားနဲ့ 
အတူလျှောက်ခဲ့ကြ ။
ကိုယ့်ရဲ့ လမ်းအဆုံးက
ညီမလေးရဲ့  ရင်ခွင်ပါပဲ
ကိုယ့်ရင်ခွင်ကတော့
ညီမလေးရဲ့ ထာဝရရဲတိုက်ပဲပေါ့ .. .
(ဒါပေမယ့်) ကိုယ်တို့ နှစ်ယောက်ရဲ့ 
နှလုံးသားမြိုးပြလမ်းမတွေက
မီးနီတွေရဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ရဲ့ 
ရင်ခုန်စရာညတွေကလည်း
မျက်ရည်တွေဝဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ကြားက
လောကဓံတရားက အချိုးအစားမပြေပြစ်တဲ့
မြစ်ကမ်းပါးနှစ်ဖက်လိုမျိုး
မျက်နှာချင်းဆိုင်ထိုင်ပြီး
အလွမ်းတွေပြိုကျနေတာ
ဝေးကွာမှုက တစ်စတစ်စ ။
ဆောင်းဦးပေါက်ညထဲက
ကိုယ့်ရင်ခုန်သံတွေ
မြန်စေတဲ့ညီမလေးရဲ့ 
ကြယ်မျက်ဝန်းလေးပျောက်ရှတော့
ကိုယ့်နှလုံးသားက
ဆောင်းဦးရွက်ကြွေလို
အသက်ဓာတ်ရယ်က ခပ်ပါးပါး .. . ။
ကိုချို
ညီမလေးနဲ့ ကိုယ်
မုန်တိုင်းအပြီး မြန်မာလူငယ်တွေ ပြည်ပထွက်ဖို့ကြိုးစား
မုန်တိုင်းအပြီး ခရီးသွားလုပ်ငန်းကျလာသည့်အချက်၊ စီးပွားရေးကျပ်တည်းလာသည့်အချက် များကြောင့် မြန်မာလူငယ် အများအပြား ခရီးသွားလုပ်ငန်းမှ ထွက်ပြီး စင်ကာပူသွားရန် ကြိုးစားကြရာ ရန်ကုန်စင်ကာပူသံရုံးတွင် နေ့စဉ် ဗီဇာလျှောက်သူများ ပြည့်ကျပ်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။
အချို့ငွေကြေးတတ်နိုင်သူ ပညာတတ်လူငယ်များလည်း စင်ကာပူရောက်ပြီး အလုပ်မရှိဖြစ်နေ သည်ဟု စုံစမ်းသိရသည်။ မြန်မာနိုင်ငံမှာ ဂျာမန်များနှင့် အိမ်ထောင်ပြုထားသည့် အသက် (၂၀)
ဝန်းကျင် မြန်မာအမျိုးသမီး လူငယ်စုံတွဲ အချို့လည်း မကြာခင်က ဂျာမနီနိုင်ငံရောက်လာသလို နေ့စဉ် ဂျာမနီမှ နှင်ထုတ်ခံနေရသည့် မြန်မာများလည်းရှိသည်ဟု ဂျာမနီမြန်မာအသိုင်းအ၀ိုင်းက ပြောသည်။ မြန်မာမိန်းကလေးငယ် အတော်များများမှာမူ လောလောဆယ် ယူအေအီးနိုင်ငံသို့ အထွက်များသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ။
Ref # Khit Pyine Journal
တံခါးခေါက်သံ

စနေနေ့ရဲ့ မနက်ခင်းတစ်ခု…။
သောကြာညတုန်းက တော်တော်နဲ့ မအိပ်ဖြစ်လိုက်တာကြောင့် စနေမနက်ခင်းမှာတော့ သူ့အိမ် တစ်အိမ်လုံးကို အိပ်စက်အနားယူခြင်းကသာ မောင်ပိုင်စီးထား၏။ တီဗွီပိတ်၊ ကွန်ပျူတာပိတ်၊ ဖုန်းပလပ်ဖြုတ်၊ အိမ်တံခါးပိတ်…ဂျိတ် ဆိုပါတော့…။ အပြင်မှာ ရွာနေတဲ့ မိုးသံ တဝေါဝေါကလဲ အိပ်နေတဲ့လူကို ဇိမ်ပိုရှိအောင် ပံ့ပိုးနေသယောင်ယောင်…။
သို့သော်…။
***
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
နားထဲကို စက်သေနတ် အတွဲလိုက် လာပစ်ထည့်နေသလား ထင်ရလောက်တဲ့ တံခါးခေါက်သံက အိပ်လို့ကောင်းနေတဲ့ အာရုံကို ကန်ကျောက်လှုပ်နှိုး ပစ်လိုက်သည်။ ကြားကြားဖူးသမျှ တံခါးခေါက်သံတွေထဲမှာ ဒီတခါ တံခါးခေါက်သံကတော့ တကယ်ကို `အားမနာလျှာမကျိုး´ တံခါးခေါက်သံ…။ တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရုံနဲ့တင် အားမရသေးလို့လား မသိ…၊ တစ်ချက်တစ်ချက်မှာ တံခါးသော့ပေါက် လက်ကိုင်ဘုကို ဆွဲလှည့်နေတဲ့ အသံ တကလစ်ကလစ် ကိုပါ ကြားနေရသေးသည်။
`ကျွတ်…၊ ဘယ်သူလဲ မသိဘူး။ မဖွင့်ဘူးကွာ´
အိမ်ကို လာလာခေါက်တဲ့ တံခါးခေါက်သံတွေကို ခေါက်တဲ့ အသံပုံစံကို မူတည်ပြီး သူက အမျိုးအစားခွဲထား၏။ တချို့က တံခါးကို ဖွဖွလေး ခေါက်သည်။ တံခါးလာခေါက်ရတာကိုတောင် တော်တော်အားနာနေရတဲ့ အသံမျိုး။ များသောအားဖြင့်ကတော့ ကရင်အကိုကြီးတို့ လင်မယား လာခေါက်ရင် ဒီလို အသံမျိုး ကြားရသည်။ အကူအညီ တစ်ခုခု လိုပေမယ့် အင်မတိအင်မတန် အားနာတာကြောင့် တံခါးကို မရဲတရဲ ခေါက်တဲ့ပုံစံ။
ထူးထူးခြားခြား တံခါးခေါက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကိုရောက်လာတာ လေးငါးခြောက်လလောက်ပဲ ရှိသေးသော `ကိုမိုးဇက်´ ဆိုတဲ့ လူ…။ သူ တံခါးခေါက်တာကတော့ သူများတွေလို လက်ခေါက်နဲ့ ခေါက်တာ မဟုတ်ဘဲ လက်ချောင်းထိပ်ဖျားလေးတွေနဲ့ တံခါးအပေါ်မှာ ကြွက်ဖြတ်ပေးတဲ့ အသံမျိုး တံခါးကို တောက်တာမို့ သူ့တံခါးခေါက်သံက သူများတွေနဲ့ မတူ။ မြန်မာပြည်မှာဆိုရင်တော့ ရဲစခန်းတို့၊ ဆေးရုံတို့မှာ လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ အဲဒီလို ခေါက်တဲ့လူတွေ အတော် အဟောက်ခံရ၏။
အနီးအနားက မြန်မာမိသားစု တချို့ရဲ့ ကလေးတွေ အိမ်ကို လာလည်တာဆိုရင်တော့ တံခါးခေါက်သံက မိုးချုန်းသည့်အလားပင်…။ သူတို့ လက်သီးဆုပ်ကလေးတွေနဲ့ တဒုန်းဒုန်း ထုတဲ့အပြင်ကို အပြင်ကနေ `ဦးဦး၊ တံခါးဖွင့်´ လို့ အော်သံ သဲ့သဲ့ကိုပါ ကြားနိုင်သေးသည်။ အဲဒီ မောင်မင်းကြီးသားလေးများကတော့ သူ အကြောက်ရဆုံး…။ တံခါးမဖွင့်မချင်း တံခါးကို အားရပါးရထုသေးတဲ့အပြင် တံခါးဖွင့်ပေးလိုက်ရင်လဲ တီဗွီရှေ့မှာ တချို့ထိုင်၊ တချို့ကတော့ သူ့ကွန်ပျူတာကို ပြဿနာရှာလေတော့၏။ ခပ်တည်တည်နဲ့ စာထိုင်ရေးဖို့တော့ မကြံစည်လေနှင့်…။ `ဦးဦး…၊ သားဂိမ်းကစားမယ်လေ´ ဆိုပြီး ကွန်ပျူတာကို အာဏာသိမ်းပြီသာမှတ်…။
ဒီနိုင်ငံက တခြားသော လူမျိုးခြား တစ်ယောက်ယောက် လာခေါက်တဲ့ အသံကိုတော့ သူက `ကိန်းကြီးခန်းကြီး တံခါးခေါက်သံ´ လို့ ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်၏။ သူတို့ကတော့ တံခါးကို အသံခပ်ကျယ်ကျယ်နဲ့ ခပ်ပြင်းပြင်းလေး သုံးလေးငါးချက် ကို နှစ်ခါလောက် ခေါက်လို့မှ တံခါးမဖွင့်ပေးရင်တော့ နောက်ကြောင်း ပြန်လှည့်သွားကြပြီ။ လာခေါက်လေ့ရှိတာကတော့ များသောအားဖြင့် ဖုန်း၊ ခရက်ဒစ်ကဒ်၊ သတင်းစာ၊ ကေဘယ်လ်လိုင်း ကြော်ငြာသမားတွေနဲ့ တခါတလေမှာ လာတတ်လေ့ရှိတဲ့ သူ့ စပွန်ဆာ…။
***
အခုတံခါးခေါက်သံကတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ မခန့်မှန်းတတ်…။ ဒါပေမယ့် တော်တော်တော့ အားမနာလျှာမကျိုး နိုင်လွန်းတဲ့ တံခါးခေါက်သံဟု ထင်မိ၏။ ပိုင်စိုးပိုင်နင်းကလဲ နိုင်သေး…။ တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်…၊ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်…။ ခဏငြိမ်သွားလိုက်…၊ နည်းနည်းလေး ကြာရင် ပြန်ခေါက်လိုက်နဲ့…။
သာမန်အချိန်ထက် အဆပေါင်းတစ်ရာလောက် လေးလံနေသလို ခံစားရတဲ့ ဦးခေါင်းက ဘယ်လိုမှ မထူချင်သေးတာမို့ ဘေးနားက ခေါင်းအုံးကို နားနားကပ်အောင် ဆွဲယူပြီး ပြန်အိပ်ပစ်လိုက်သည်။ တော်တော်ကြီးကြာမှ တံခါးခေါက်သံက ငြိမ်သွား၏။
`ပြန်သွားပြီထင်တယ်၊ ပြန်လဲ အေးတာပဲ၊ ဘယ့်နှယ်ကွာ၊ ဒီမှာအိပ်နေမလား ဘာလားတောင် မတွေးဘူး၊ မနက်အစောကြီး တံခါးလာခေါက်ရတယ်လို့´
ဘာပဲဖြစ်ဖြစ် စပ်စုချင်စိတ်ကလဲ ရှိသေးတာမို့ အိပ်ရာကနေ ကြုံးရုန်းထ..၊ ခြေကို အသာလေး ဖွဖွနင်းပြီး တံခါးရဲ့ ချောင်းကြည့်ပေါက်ကတဆင့် အပြင်ကို ချောင်းလိုက်တော့ ဘယ်သူမှ မရှိ…။ `ကောင်းတယ်´ လို့ စိတ်ထဲမှာ အားရပါးရတွေးပစ်လိုက်၏။ ဒါပေမယ့် ပြန်အိပ်လို့တော့ ဘယ်လိုမှ မရတော့…။ နာရီကို ကြည့်လိုက်တော့ မနက်ကိုးနာရီသာသာ…။
ဒီလိုနဲ့ပဲ အိပ်ရာထ၊ မျက်နှာသစ်၊ အစာစား၊ အပြင်ထွက်…။
***
စနေနေ့ ညနေ…။
တီဗွီ အစီအစဉ်က ကောင်းနေတာနဲ့ ဇိမ်ကျနေတုန်း မနက်ကလို တံခါးခေါက်သံက ထပ်ပေါ်လာပြန်သည်။
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ကလစ်…ကလစ်´
တံခါး ခေါက်ပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို ပိုင်စိုးပိုင်နင်း ဆွဲလှည့်နေတာကို လူက တော်တော် အူယားလာသည်။
`ဘယ်သူမို့လို့ ဒီလောက်တောင်…၊ ကဲ… ဒီလောက်တောင် ဖြစ်လှတာ သိကြသေးတာပေါ့ကွာ´
ခပ်တိုတို ဖြစ်ချင်လာတဲ့ စိတ်ကြောင့် ချောင်းကြည့်ပေါက်ကနေတောင် အရင်ဆုံး မကြည့်အားတော့ဘဲ တံခါးကို အလျင်စလို ဆွဲဖွင့်ပစ်လိုက်၏။ တံခါးဝမှာ ရပ်နေတာက…
`ဟင်…အမိုး´
လက်ထဲမှာ လက်နှစ်လုံးသာသာလောက် ငါးအကင်လေးတွေထည့်ထားတဲ့ ပန်းကန်ပြားလေး တစ်ချပ်နဲ့ အမိုးက သူ့ကို တွေ့တော့ အမိုးအပေါ် စီးမိုးနေတဲ့ သူ့အရပ်ကြီးကို မော့ကြည့်ပြီး ပြုံးပြသည်။ ပြီးတော့…
`ဖိုးခွား၊ နေကောင်းရဲ့လား´
`ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အမိုး ဘာလိုလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ အမိုး´ (စိတ်ထဲမှာ အမိုးတယောက် တစ်ခုခု လိုအပ်လို့ လာတာလို့ ထင်နေတုန်း)
`ဘာမှ မလိုပါဘူး၊ အမိုးညက အိပ်မက်သိပ်မကောင်းလို့ ဖိုးခွားတယောက် နေလို့မှ ကောင်းရဲ့လား မသိဘူး ဆိုပြီး လာကြည့်တာ´
သူ ခေတ္တခဏတော့ ဆွံ့အသွား၏။ နှုတ်က အာစေးထည့်ထားသလိုလို ဘာစကားမှ မထွက်နိုင်သေးခင်မှာပဲ အမိုးက ဆက်ပြီး…
`မနက်ကလဲ အမိုးလာသေးတယ်၊ ဖိုးခွားအိပ်ပျော်နေတာလား၊ တံခါးဖွင့်မပေးတာနဲ့ စိတ်ပူပြီး ပြန်သွားရတယ်´
`ဟုတ်…၊ ဟုတ်ကဲ့´
`ဒီငါးတွေက အဘိုးသွားမျှားထားတာလေ´
ထမင်းစားပွဲပေါ်မှာ ငါးကင် ပန်းကန်လေးကို သွားတင်ရင်း ပြောနေတဲ့ အမိုးကို သူ အကြောင်သားဖြင့် လိုက်ငေးနေမိ၏။
`ကဲ…၊ ပြန်မယ်နော်၊ နေကောင်းတယ်ဆို အမိုး စိတ်ပျော်ပြီ´
တုံးတိတိသာ ပြောသွားပေမယ့် စကားထဲက မေတ္တာတရားတွေက ခွင့်လွှတ်နားလည်ခြင်း များစွာကို ကိုယ်စားပြုဖို့ သူ့အခန်းထဲတွင် အမိုးချန်ထားခဲ့၏။
***
စနေနေ့ည…။
တံခါးခေါက်သံ ခွဲခြားသူ စပယ်ရှယ်လစ် လို့ ကိုယ့်ကိုယ်ကို ထင်ထားသူ လူတယောက်ကို သူ့အိမ်တံခါးက လှောင်ပြုံးပြုံးပြီး ကြည့်နေလေ၏။
ကလိုစေးထူး
တာဝန်
ကျွန်မတို့ပတ်ဝန်းကျင်မှာ လူအမျိုးမျိုးကိုတွေ့မြင်နေရပါတယ်။ ဘ၀မှာ အောင်မြင် နေတဲ့သူတွေရော ၊ မအောင်မြင်တဲ့သူတွေရော ၊ လောကဓံ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘ၀မှာနိမ့်ချည် ၊ မြင့်ချည်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကိုရောပေါ့။
အောင်မြင်မှုကိုရရှိနေတဲ့ ၊ အောင်မြင်နေတဲ့သူတွေအကုန်လုံးဟာ သူတို့တွေ တစ်ခုခုကို လိုချင်ရင် လုပ်သင့်တဲ့ လိုအပ်တဲ့အရာမှန်သမျှကိုလုပ်ရမယ်ဆိုတာကို နားလည် သဘောပေါက်ထားကြသူများ ဖြစ်ပါတယ်။ဒီအလုပ်ကိုလုပ်ရင် ဘာဖြစ်လာမယ်။ မလုပ်ရင်ဘာဖြစ်လာမယ်ဆိုတာကို ကောင်းစွာသဘောပေါက်ထားကြသူများဖြစ်ပါတယ်။
ကိုယ်လုပ်လိုက်တဲ့အလုပ်ကြောင့် အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မျှော်မှန်း တွက်ဆထားနိုင်ကြသူများဟာ ဘ၀မှာအောင်မြင်သူများဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူသားတို့သဘာဝအရ သူတစ်ပါးအောင်မြင်ရင် ဒါ သူကံကောင်းလို့ ။ ကိုယ်က မအောင်မြင်တဲ့အခါမှာ သူတစ်ပါးအမှားကြောင့် ကိုယ်မအောင်မြင်ရတာ ဆိုပြီး ပြောဆို နေတတ်ကြပါတယ်။ တကယ်တော့ လူသားဘ၀မှာ အကြောင်းကြောင့် အကျိုးဖြစ်လာ ရတာချည်းပါပဲ။
လူတစ်ဦးဟာရင့်ကျက်ပြီး သက်ရောက်မှုတိုင်းကို ကောင်းမွန်စွာ တုန့်ပြန် နိုင်တဲ့ အရည် အသွေးရှိတယ် ဆိုရင် ဘ၀မှာအဆင်ပြေပြေနေထိုင်နိုင်တာပါပဲ။ ဒါ့အပြင် ကျွန်မတို့ တစ်ဦးချင်းစီမှာ ဘာတွေတာဝန်ရှိသလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း မှာနေလို့ ထိုင်လို့ကောင်းပါတယ်။ဒါဆိုရင် ဘာတွေတာဝန်ရှိပါသလဲ။ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားအတွက် ကျွန်မတို့မှာပဲတာဝန်ရှိပါတယ်။
သိပ်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေမှာတောင် ကျွန်မတို့ရဲ့ စိတ်ကို ထိန်းချုပ် ထားနိုင်မယ် ဆိုရင် လူထဲမှာအဆင်ပြေတာပါပဲ။ ဥပမာ ကားမောင်းသွားရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်ချိန်မမီမှာစိုးတဲ့အတွက် ကိုယ့်ကားအရှေ့မှာပိတ်နေတဲ့ ကားတွေကို ဟွန်း အဆက် မပြတ်တီးတာမျိုး ၊ အော်ဟစ်မယ် ဆိုတာမျိုးကို သင်လုပ်မလား။ ဒါမှမဟုတ် ကားလမ်း ရှင်းအောင်စောင့်ရင်း အေးအေးဆေးဆေး ကားထဲမှာ သီချင်း နားထောင်ရင်း အခြား သူများ ဘာတွေလုပ်နေကြတယ် ဘယ်လိုပြုမူနေကြတယ်ဆိုတာကို ကြည့်မလား။ ကြိုက်ရာကိုရွေးလို့ရပါတယ်။ မိမိသဘောပါပဲ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွက်ရရှိလာမယ့်အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါပဲ။ ကိုယ့်ကားရဲ့အရှေ့မှာ ပိတ်နေ တဲ့ကားတွေကိုစိတ်ဆိုးပြီး အော်ဟစ်မယ် ။
စိတ်တို ဒေါသထွက်မယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို အနည်းငယ် ထိခိုက်နိုင်ပြီး စိတ်ဆိုး စိတ်တို လွယ်တဲ့ အလေ့အကျင့်ဖြစ်လာမှာပါပဲ။ အဲဒီတော့ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထား အတွက် တာဝန် အရှိဆုံးက မိမိကိုယ်တိုင်သာပါပဲ။
လူဆိုတာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရွေးချယ်မှုအတွက် ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ နောက်တစ်ခါ ကျွန်မတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေအားလုံးအတွက်လည်း ကျွန်မတို့ ကိုယ်တိုင်မှာ သာတာဝန်ရှိနေပြန်ပါတယ်။ တစ်ခုခုမကောင်းတာဖြစ်လာခဲ့ရင် အဲဒါဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဘယ်သူ့မှာတာဝန်ရှိတယ် ၊ ဘယ်သူ မကောင်းလို့ဖြစ်ရတာ စသည်ဖြင့်အပြစ်တင်ပြောဆိုနေကြပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်မှာသာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူ ဘယ်ဝါ့ကြောင့်ရယ်လို့ သူတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ နေမယ့်အစား မိမိကိုယ်တိုင်ကရော ဘယ်လောက်ကောင်းနေသလဲ ပြန်ကြည့်ဖို့လိုပါတယ်။ မိမိကိုမိမိ ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။
လူတွေဟာတစ်ဦးချင်းစီမှာ တာဝန်သိစိတ်ရှိမယ်ဆိုရင် လူတစ်ဦးချင်းစီပေါင်းစုဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာလည်း တာဝန်သိစိတ်တွေနဲ့အတူ လူ့ဘောင်လောက ကြီး တိုးတက် သာယာလာမှာပါပဲ။ ကမ္ဘာကြီးတစ်ဘက်မှာ အငြိုးအတေးအဃာတတွေကြောင့် စစ်ပွဲတွေဖြစ်ပွားနေကြတာ ကိုယ့်ကိုသူကဘယ်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ်။ သူကအဲသည်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ် စသည်ဖြင့် ကလဲ့စားချေခြင်း၊ အငြိုးအတေးအ ဃာတကြီးမား နေခြင်းများနှင့်အတူ အပြစ်ဖွဲ့ပုံခြင်းများကြောင့် မငြိမ်းအေးနိုင်ကြဘဲ ပြဿနာများတစ်စတစ်စ ပိုလို့ကြီးထွားလာကြပါတယ်။
ကမ္ဘာလောကကြီးသာယာငြိမ်းအေးဖို့ရာ လူတစ်ဦးချင်းစီမှာ ၊ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုမေ့လျော့နေကြပြီး ကလဲ့စားချေလိုမှု နဲ့ အာဃာတ တွေကိုသာရှေ့တန်းတင်နေကြခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမျိုးရေး ၊ ဘာသာရေး အငြင်းပွားမှုများနဲ့ စတင်လိုက်တဲ့ စစ်ပွဲတွေဟာ ယနေ့အချိန်ထိကိုမပြီးဆုံးနိုင်ကြသေးပါဘူး။
ဒီလိုမျိုးအဖြစ်တွေဆက်လက်ဖြစ်နေတာဟာ ဘယ်သူဘယ်ဝါ့ကြောင့်ရယ်လို့ တစ်ဦးကိုတစ်ဦးလက်ညှိုးထိုးအပြစ်ပုံဖွဲ့နေကြခြင်းကြောင့်ဖြစ်ပါတယ်။ မည်သူမည်ဝါကြောင့်ရယ်လို့ အပြစ်မဖွဲ့ဘဲ လူတစ်ဦးချင်းစီမှာ သစ္စာစောင့်သိစိတ်၊ တာဝန်ယူလိုစိတ်များသာရှိမယ်ဆိုရင် သာယာအေးချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာမလွဲမသွေပါပဲ။
ဟနစံ
ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ
ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။
ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။
မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ
အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊
ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။
ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊
အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်
ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို
ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။
လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။
ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို
တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ
ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက
တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။
လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်
လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်
မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ
ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော
မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို
ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ
ခက်ခဲလှပါသည်။
မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။
မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။
စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။
ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။
သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်
အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး
ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။
ယခုဆိုလျှင် လူတိုင်းသည် ပို၍ပင် သက္ခာကင်းမဲ့သော လုပ်ရပ်များကို
ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။ ဘုရားဟောသော
အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း
များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို
မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု
ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော
ဆန္ဒများကို သက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။
မောင်စေတနာ
ငရဲကြီးတယ်ဆိုတာ... (Third Edition)
ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘ၀တိုးတက်မှု ကိုရှာဖွေနေကြပါတယ်။ သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။
အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ၀င်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေါ့။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေါ့။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကားကောင်းကောင်းမပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေါ့။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့
ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။ များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ၀င်ပါနေတယ် လို့ ထင်ကြပြန်ရော။
အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြောရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေါ့။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။ နောက်တစ်ခု က လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမယ့် ကြိုးစား သ လောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေးတာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘ၀ တိုးတက်ရေးလမ်းရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။
လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘ၀က သေလွန်တဲ့အခါမှာ အ၀ီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ ။ အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘ၀မှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မ ကိုယ်တိုင်လည်း အသက်
၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘ၀ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။ အဲသည်နောက် ဘ၀ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေါ့။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့လူငယ်လေးတွေ စဉ်းစားစေချင်ပါတယ်။
မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေးတွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင်လျက် ငရဲကျ မခံချင်ကြပါနဲ့ ။ ဟနစံ
UMDH ဖြင့် မှတ်ဥာဏ် ယိုပေါက်များကို ရှာဖွေခြင်း
Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။
အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။
UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။
ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။)
အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)
ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။
စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set_NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။
(Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။)
သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။
သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p: -f: -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။)
ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သော နေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p: -f: -g ဟု ထပ်မံအမိန့်ပေးပါ။
ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။
("> " ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။)
ဥပမာ
+ 4132 ( 4132 - 0) 1 allocs BackTraceD3
+ 1 ( 1 - 0) BackTraceD3 allocations
(blar blar blar)
MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)
YourProject!leakyFunction+000005EB (d:\leaky.cpp, 325)
(blar blar blar)
kernel32!RegisterWaitForInputIdle+00000049ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။
အထက်ပါ အကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
လောရှည်