The Art of Changing Yourself

Life is constantly pounding you from the outside with millions of hammer blows, but you have the last word as to how those blows will change you.

Man alone, of all creatures of earth, can change his own pattern. Man alone is architect of his destiny.

William James declared that the greatest revolution in his generation was the discovery that human beings, by changing the inner attitudes of their minds, can change the outer aspects of their lives.

You cannot climb uphill by thinking downhill thoughts. If your world is gloomy and hopeless, it is because you are gloomy and hopeless. You must change your mind to change your world.

Change demands self-discipline. Command yourself and make yourself do what needs to be done.

Changes requires the substituting of new habits for old. You mould your character and your future by your thoughts and acts.

Change can be advanced by associating with men and women with whom you can walk among the stars. Meet, mingle and make friends with those who have upward urge.

Change can be achieved by changing your environment. Let go of lower things and reach for higher. Surround yourself with the best in books, music and art. Listen to the greatest speakers. Hang on the wall of your home portraits of the men you most admire.

Change can be realized through conscious evolution. Moment by moment, day by day, concentrate on becoming the man you want to be.

Written by (Wilfred Peterson) in 1960.

TAH မှ ပုံပြင်များ - နှစ်ပင်လိမ်

သူ၏ရှေ့တွင် ထိုင်နေသော အထက်၊အောက်အ၀ါရောင် တဆင်တည်း ၀တ်ထားသော မိန်းကလေး၏ မျက်နှာကို တချက် အကဲခပ်လိုက်သည်။ သူမ ခါတိုင်းလို ရွှင်ရွှင်ပျပျ မရှိတာကို သတိထားမိသည်။ သူ ဖွင့်ပြောလိုက်ရတော့မည်လော၊ မပြောသေးပဲ ခေတ္တစောင့်ဆိုင်းရမည်လော။ စားပွဲပေါ်ရှိ လိမ္မော်ရည်ကို သူ တကျိုက် ယူသောက်လိုက်သည်။ ကိုယ်ကို မတ်နေအောင် ပြင်ထိုင်လိုက်ပြီး

“လွင့်ကို ကိုယ်တစ်ခု ပြောစရာ … ။” “လွင် ကို့ကို ပြောစရာ … ”

ပြောမဲ့ပြောတော့လဲ နှစ်ယောက်စလုံး နှုတ်မှ သံပြိုင်ထွက်လာသည်။

“ဒါဆို လွင်အရင်ပြောပါ။”

“မဟုတ်ဘူး၊ ကို အရင်ပြော။”

သူဘာပြောမည်ဆိုတာ သူသိသဖြင့် သူဇွတ်ငြင်းမိသည်။

“လွင် အရင်ပြောပါ၊ ကိုယ့်ကိစ္စက နောက်မှ ပြောလဲ ရပါတယ်။”

လွင်ဆိုသော မိန်းကလေးသည် ပင့်သက်တချက် ရှိုက်သွင်းလိုက်ပြီး နှုတ်ခမ်းကို တင်းတင်း တချက် စေ့သည်။ အတန်ကြာမှ သက်ပြင်းတချက်ချပြီး လေးလေးတွဲ့တွဲ့ အသံဖြင့် …

“လွင် တို့ လမ်း ခွဲ ရ အောင် ကို … ။”

သူမကပဲ ဆက်ပြောပြန်သည်။

“ကို့မှာ အပြစ်မရှိပါဘူးကို။ ကို့ကို လွင်ချစ်လို့ မရတော့တာ တခုပါပဲ။ လွင့်မှာ တခြား ချစ်ရမဲ့သူ ရှိနေပြီ … ။”

ကမ္ဘာမြေသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်လေသည်။

“ကောင်းပြီလေ။ လွင့်သဘောပါ … ။”

လေသံကို အတတ်နိုင်ဆုံး ကြိုးစားထိန်း၍ ပြောလိုက်ရသည်။

“ကို ပြောစရာ ရှိတယ်ဆို၊ ဘာပြောမလို့လဲ ဟင်။”

သူ့ကို ‘ကို’ ဟု ဆက်ခေါ်နေတုန်းပါလား။ အကျင့်ပါနေလို့ ဖြစ်မှာပေါ့လေ။ ဒီအချိန်ကျမှတော့ သူပြောမည့်စကားကို ပြောနေလို့လဲ မထူးတော့ပါဘူးလေ။ ဘယ်လို ပြန်ပြောရမည် စဉ်းစားနေဆဲတွင်ပင် …

“ကို မပြောတော့ဘူးဆိုရင် လွင်သွားတော့မယ်။ ချိန်းထားတာလေး တစ်ခု ရှိလို့။”

ဟိုတစ်ယောက်နဲ့လားဟုပင် ပြန်မမေးဖြစ်ပါ။ ၁၂၀% သေချာနေသော အဖြေကို သိရ၍ ဘာအကျိုးအမြတ်ရှိပါမည်နည်း။

ကမ္ဘာကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေဆဲပင် ဖြစ်သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် မယုံနိုင်လောက်အောင် ဖြစ်ရသည်။ သူ၏ခံစားချက်များသည် နိမ့်လိုက်၊မြင့်လိုက်နှင့် ပန်းပေါင်းစုံ ဖူးပွင့်နေသော လှပသည့် ကမ္ဘာမြေကြီးသည် အိုးထိန်းစက်လို ချာချာလည်၍ သူ့လောကထဲသို့ ၀င်ရောက်လာသလို သူခံစားရသည်။

လမ်းခွဲစကားပြောမည့်သူထက် ဦးအောင်လမ်းခွဲစကား ပြောသွားသဖြင့် အနည်းငယ် မကျေနပ်သလိုလို၊ ခံရခက်သလိုလို ရှိသော်လည်း အခုမှတော့ ဒါတွေက အရေးမကြီးပါဘူးလေဟု သူ့ကိုယ်သူ ဖြေသိမ့်ရသည်။ ကိစ္စတစ်ခု အောင်မြင် ပြီးမြောက်သွားသလို ခံစားရသည်။ ‘မိုး’ ထံသို့အသွားတွင် သူ၏ခြေလှမ်းများက သွက်လက် ပေါ့ပါး နေလေသည်။

မိုး ကို သူ အင်တာနက်ပေါ်ရှိ အောင်သွယ် ၀န်ဆောင်မှု တစ်ခုတွင် သူ စသိခဲ့ရခြင်းဖြစ်သည်။ မိုးသည် တီတီတာတာ ပြောတတ်သည်၊ စိတ်ရင်းကောင်းသည်၊ ပျော်တတ်သည်၊ ဟာသဥာဏ်ရှိသည်၊ လွယ်လွယ်နှင့် စိတ်မဆိုးတတ်။ အပြင်မှာ မမြင်ဖူးသော်လည်း ကွန်ပျူတာ ဖန်သားပြင်ပေါ်ရှိ ဖော့စဖိတ်ဓာတ်ပေါင်းမှုန့်များက ဖော်ပြပေးသော သူမ၏ စကားများဖြင့် သူ မိုးကို သံယောဇဉ်တွယ်ပြီး ချစ်မိလေသည်။ တချိန်တည်းမှာပင် လွင့်အပေါ်တွင် ထားရှိသော သူ၏ အချစ်များ တဖြည်းဖြည်း လွင့်ပါးလာခဲ့ရပြီး ချစ်သူတစ်ယောက်လို မချစ်နိုင်သော အခြေသို့ ရောက်ရှိခဲ့ရသည်။ လွင်ရိပ်မိသွားလို့များ သူစိတ်ချမ်းသာအောင် လမ်းခွဲပေးခဲ့တာများလား … ။

“တိန် တောင် တိန် တောင် … ”

လက်ကိုင်ဖုန်းသို့ message ၀င်လာသောကြောင့် သူ့အတွေးမျှင်များ ပြတ်တောက်သွားသည်။ မိုးဆီကပဲ။

“မိုးရောက်နေပြီ၊ အ၀ါရောင် ၀တ်ထားတယ်။”

သူလဲ ရောက်လုပါပြီ။ ချိန်းထားသော ကော်ဖီဆိုင်ထဲသို့ သူလှမ်းဝင်လိုက်သည်။ ဆိုင်အတွင်းတွင် အ၀ါရောင် အပေါ်အောက် ဆင်တူ ၀တ်ထားသော မိန်းကလေးကို တစ်ဦးတည်းသာ ရှိသည်။ ကောင်းသည်၊ လူမှားစရာ မရှိတော့။ သူဆိုင်ထဲ လှမ်းအ၀င်တွင် အ၀ါရောင် မင်းသမီးလေးက သမင်လည်ပြန် လှည့်ကြည့်လေသည်။ ထိုခဏမှာပင် ကမ္ဘာမြေသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်လေသည်။

‘မိုး’ သည် ချောပါသည်၊ လှပါသည်၊ မြင်သူတိုင်း ငေးရလောက်သော ရူပကာ ပိုင်ရှင်ဖြစ်ပါသည်။ သို့ရာတွင် ထို့ထက်ပို၍ အရေးကြီးသည်မှာ သူမ၏ မှတ်ပုံတင်ထဲတွင် သူမ၏အမည်ကို ‘မိုးသိမ့်လွင်’ ဟု ဖြည့်သွင်းရေးသားထားခြင်း ဖြစ်ပါသည်။

လောရှည်

ညီမလေးနဲ့ ကိုယ်



ခရေပွင့်တွေ
တဖွဲဖွဲကြွေလွင့်နေတဲ့
ရွှေအိုရောင်ရင့်ရင့်ခြယ်
ညနေခင်းအရိပ်မှာ
ညီမလေးရေ .. .
မင်းနဲ့ ငါရဲ့ စိတ်တွေ
ကဗျာတစ်ပုဒ်နဲ့ 
ခရေပန်းရနံ့ တွေကြား
လွင့်မြောနေကြ ။

နောက်ပြန်လှည့်မရတဲ့
လမ်းကအလွမ်းအဆွေးတွေ
တပွေ့ ကြီးယူလာမှာကို စိုးတယ်
ညီမလေးရေ ...
မင်းနဲ့ ငါ
နေမမြင် .. လမမြင်
လမ်းမမြင် .. ကမ်းမမြင်
နှလုံးသားမြစ်တစ်စင်းပေါ်
ပွင့်ဖတ်တံတားနဲ့ 
အတူလျှောက်ခဲ့ကြ ။

ကိုယ့်ရဲ့ လမ်းအဆုံးက
ညီမလေးရဲ့  ရင်ခွင်ပါပဲ
ကိုယ့်ရင်ခွင်ကတော့
ညီမလေးရဲ့ ထာဝရရဲတိုက်ပဲပေါ့ .. .
(ဒါပေမယ့်) ကိုယ်တို့ နှစ်ယောက်ရဲ့ 
နှလုံးသားမြိုးပြလမ်းမတွေက
မီးနီတွေရဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ရဲ့ 
ရင်ခုန်စရာညတွေကလည်း
မျက်ရည်တွေဝဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ကြားက
လောကဓံတရားက အချိုးအစားမပြေပြစ်တဲ့
မြစ်ကမ်းပါးနှစ်ဖက်လိုမျိုး
မျက်နှာချင်းဆိုင်ထိုင်ပြီး
အလွမ်းတွေပြိုကျနေတာ
ဝေးကွာမှုက တစ်စတစ်စ ။

ဆောင်းဦးပေါက်ညထဲက
ကိုယ့်ရင်ခုန်သံတွေ
မြန်စေတဲ့ညီမလေးရဲ့ 
ကြယ်မျက်ဝန်းလေးပျောက်ရှတော့
ကိုယ့်နှလုံးသားက
ဆောင်းဦးရွက်ကြွေလို
အသက်ဓာတ်ရယ်က ခပ်ပါးပါး .. . ။

ကိုချို

မုန်တိုင်းအပြီး မြန်မာလူငယ်တွေ ပြည်ပထွက်ဖို့ကြိုးစား

မုန်တိုင်းအပြီး ခရီးသွားလုပ်ငန်းကျလာသည့်အချက်၊ စီးပွားရေးကျပ်တည်းလာသည့်အချက် များကြောင့် မြန်မာလူငယ် အများအပြား ခရီးသွားလုပ်ငန်းမှ ထွက်ပြီး စင်ကာပူသွားရန် ကြိုးစားကြရာ ရန်ကုန်စင်ကာပူသံရုံးတွင် နေ့စဉ် ဗီဇာလျှောက်သူများ ပြည့်ကျပ်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အချို့ငွေကြေးတတ်နိုင်သူ ပညာတတ်လူငယ်များလည်း စင်ကာပူရောက်ပြီး အလုပ်မရှိဖြစ်နေ သည်ဟု စုံစမ်းသိရသည်။ မြန်မာနိုင်ငံမှာ ဂျာမန်များနှင့် အိမ်ထောင်ပြုထားသည့် အသက် (၂၀)
ဝန်းကျင် မြန်မာအမျိုးသမီး လူငယ်စုံတွဲ အချို့လည်း မကြာခင်က ဂျာမနီနိုင်ငံရောက်လာသလို နေ့စဉ် ဂျာမနီမှ နှင်ထုတ်ခံနေရသည့် မြန်မာများလည်းရှိသည်ဟု ဂျာမနီမြန်မာအသိုင်းအ၀ိုင်းက ပြောသည်။ မြန်မာမိန်းကလေးငယ် အတော်များများမှာမူ လောလောဆယ် ယူအေအီးနိုင်ငံသို့ အထွက်များသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ။

Ref # Khit Pyine Journal

တံခါးခေါက်သံ



စနေနေ့ရဲ့ မနက်ခင်းတစ်ခု…။

သောကြာညတုန်းက တော်တော်နဲ့ မအိပ်ဖြစ်လိုက်တာကြောင့် စနေမနက်ခင်းမှာတော့ သူ့အိမ် တစ်အိမ်လုံးကို အိပ်စက်အနားယူခြင်းကသာ မောင်ပိုင်စီးထား၏။ တီဗွီပိတ်၊ ကွန်ပျူတာပိတ်၊ ဖုန်းပလပ်ဖြုတ်၊ အိမ်တံခါးပိတ်…ဂျိတ် ဆိုပါတော့…။ အပြင်မှာ ရွာနေတဲ့ မိုးသံ တဝေါဝေါကလဲ အိပ်နေတဲ့လူကို ဇိမ်ပိုရှိအောင် ပံ့ပိုးနေသယောင်ယောင်…။

သို့သော်…။

***

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´

နားထဲကို စက်သေနတ် အတွဲလိုက် လာပစ်ထည့်နေသလား ထင်ရလောက်တဲ့ တံခါးခေါက်သံက အိပ်လို့ကောင်းနေတဲ့ အာရုံကို ကန်ကျောက်လှုပ်နှိုး ပစ်လိုက်သည်။ ကြားကြားဖူးသမျှ တံခါးခေါက်သံတွေထဲမှာ ဒီတခါ တံခါးခေါက်သံကတော့ တကယ်ကို `အားမနာလျှာမကျိုး´ တံခါးခေါက်သံ…။ တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရုံနဲ့တင် အားမရသေးလို့လား မသိ…၊ တစ်ချက်တစ်ချက်မှာ တံခါးသော့ပေါက် လက်ကိုင်ဘုကို ဆွဲလှည့်နေတဲ့ အသံ တကလစ်ကလစ် ကိုပါ ကြားနေရသေးသည်။

`ကျွတ်…၊ ဘယ်သူလဲ မသိဘူး။ မဖွင့်ဘူးကွာ´

အိမ်ကို လာလာခေါက်တဲ့ တံခါးခေါက်သံတွေကို ခေါက်တဲ့ အသံပုံစံကို မူတည်ပြီး သူက အမျိုးအစားခွဲထား၏။ တချို့က တံခါးကို ဖွဖွလေး ခေါက်သည်။ တံခါးလာခေါက်ရတာကိုတောင် တော်တော်အားနာနေရတဲ့ အသံမျိုး။ များသောအားဖြင့်ကတော့ ကရင်အကိုကြီးတို့ လင်မယား လာခေါက်ရင် ဒီလို အသံမျိုး ကြားရသည်။ အကူအညီ တစ်ခုခု လိုပေမယ့် အင်မတိအင်မတန် အားနာတာကြောင့် တံခါးကို မရဲတရဲ ခေါက်တဲ့ပုံစံ။

ထူးထူးခြားခြား တံခါးခေါက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကိုရောက်လာတာ လေးငါးခြောက်လလောက်ပဲ ရှိသေးသော `ကိုမိုးဇက်´ ဆိုတဲ့ လူ…။ သူ တံခါးခေါက်တာကတော့ သူများတွေလို လက်ခေါက်နဲ့ ခေါက်တာ မဟုတ်ဘဲ လက်ချောင်းထိပ်ဖျားလေးတွေနဲ့ တံခါးအပေါ်မှာ ကြွက်ဖြတ်ပေးတဲ့ အသံမျိုး တံခါးကို တောက်တာမို့ သူ့တံခါးခေါက်သံက သူများတွေနဲ့ မတူ။ မြန်မာပြည်မှာဆိုရင်တော့ ရဲစခန်းတို့၊ ဆေးရုံတို့မှာ လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ အဲဒီလို ခေါက်တဲ့လူတွေ အတော် အဟောက်ခံရ၏။

အနီးအနားက မြန်မာမိသားစု တချို့ရဲ့ ကလေးတွေ အိမ်ကို လာလည်တာဆိုရင်တော့ တံခါးခေါက်သံက မိုးချုန်းသည့်အလားပင်…။ သူတို့ လက်သီးဆုပ်ကလေးတွေနဲ့ တဒုန်းဒုန်း ထုတဲ့အပြင်ကို အပြင်ကနေ `ဦးဦး၊ တံခါးဖွင့်´ လို့ အော်သံ သဲ့သဲ့ကိုပါ ကြားနိုင်သေးသည်။ အဲဒီ မောင်မင်းကြီးသားလေးများကတော့ သူ အကြောက်ရဆုံး…။ တံခါးမဖွင့်မချင်း တံခါးကို အားရပါးရထုသေးတဲ့အပြင် တံခါးဖွင့်ပေးလိုက်ရင်လဲ တီဗွီရှေ့မှာ တချို့ထိုင်၊ တချို့ကတော့ သူ့ကွန်ပျူတာကို ပြဿနာရှာလေတော့၏။ ခပ်တည်တည်နဲ့ စာထိုင်ရေးဖို့တော့ မကြံစည်လေနှင့်…။ `ဦးဦး…၊ သားဂိမ်းကစားမယ်လေ´ ဆိုပြီး ကွန်ပျူတာကို အာဏာသိမ်းပြီသာမှတ်…။

ဒီနိုင်ငံက တခြားသော လူမျိုးခြား တစ်ယောက်ယောက် လာခေါက်တဲ့ အသံကိုတော့ သူက `ကိန်းကြီးခန်းကြီး တံခါးခေါက်သံ´ လို့ ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်၏။ သူတို့ကတော့ တံခါးကို အသံခပ်ကျယ်ကျယ်နဲ့ ခပ်ပြင်းပြင်းလေး သုံးလေးငါးချက် ကို နှစ်ခါလောက် ခေါက်လို့မှ တံခါးမဖွင့်ပေးရင်တော့ နောက်ကြောင်း ပြန်လှည့်သွားကြပြီ။ လာခေါက်လေ့ရှိတာကတော့ များသောအားဖြင့် ဖုန်း၊ ခရက်ဒစ်ကဒ်၊ သတင်းစာ၊ ကေဘယ်လ်လိုင်း ကြော်ငြာသမားတွေနဲ့ တခါတလေမှာ လာတတ်လေ့ရှိတဲ့ သူ့ စပွန်ဆာ…။

***

အခုတံခါးခေါက်သံကတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ မခန့်မှန်းတတ်…။ ဒါပေမယ့် တော်တော်တော့ အားမနာလျှာမကျိုး နိုင်လွန်းတဲ့ တံခါးခေါက်သံဟု ထင်မိ၏။ ပိုင်စိုးပိုင်နင်းကလဲ နိုင်သေး…။ တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်…၊ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်…။ ခဏငြိမ်သွားလိုက်…၊ နည်းနည်းလေး ကြာရင် ပြန်ခေါက်လိုက်နဲ့…။

သာမန်အချိန်ထက် အဆပေါင်းတစ်ရာလောက် လေးလံနေသလို ခံစားရတဲ့ ဦးခေါင်းက ဘယ်လိုမှ မထူချင်သေးတာမို့ ဘေးနားက ခေါင်းအုံးကို နားနားကပ်အောင် ဆွဲယူပြီး ပြန်အိပ်ပစ်လိုက်သည်။ တော်တော်ကြီးကြာမှ တံခါးခေါက်သံက ငြိမ်သွား၏။

`ပြန်သွားပြီထင်တယ်၊ ပြန်လဲ အေးတာပဲ၊ ဘယ့်နှယ်ကွာ၊ ဒီမှာအိပ်နေမလား ဘာလားတောင် မတွေးဘူး၊ မနက်အစောကြီး တံခါးလာခေါက်ရတယ်လို့´

ဘာပဲဖြစ်ဖြစ် စပ်စုချင်စိတ်ကလဲ ရှိသေးတာမို့ အိပ်ရာကနေ ကြုံးရုန်းထ..၊ ခြေကို အသာလေး ဖွဖွနင်းပြီး တံခါးရဲ့ ချောင်းကြည့်ပေါက်ကတဆင့် အပြင်ကို ချောင်းလိုက်တော့ ဘယ်သူမှ မရှိ…။ `ကောင်းတယ်´ လို့ စိတ်ထဲမှာ အားရပါးရတွေးပစ်လိုက်၏။ ဒါပေမယ့် ပြန်အိပ်လို့တော့ ဘယ်လိုမှ မရတော့…။ နာရီကို ကြည့်လိုက်တော့ မနက်ကိုးနာရီသာသာ…။

ဒီလိုနဲ့ပဲ အိပ်ရာထ၊ မျက်နှာသစ်၊ အစာစား၊ အပြင်ထွက်…။

***

စနေနေ့ ညနေ…။

တီဗွီ အစီအစဉ်က ကောင်းနေတာနဲ့ ဇိမ်ကျနေတုန်း မနက်ကလို တံခါးခေါက်သံက ထပ်ပေါ်လာပြန်သည်။

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ကလစ်…ကလစ်´

တံခါး ခေါက်ပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို ပိုင်စိုးပိုင်နင်း ဆွဲလှည့်နေတာကို လူက တော်တော် အူယားလာသည်။

`ဘယ်သူမို့လို့ ဒီလောက်တောင်…၊ ကဲ… ဒီလောက်တောင် ဖြစ်လှတာ သိကြသေးတာပေါ့ကွာ´

ခပ်တိုတို ဖြစ်ချင်လာတဲ့ စိတ်ကြောင့် ချောင်းကြည့်ပေါက်ကနေတောင် အရင်ဆုံး မကြည့်အားတော့ဘဲ တံခါးကို အလျင်စလို ဆွဲဖွင့်ပစ်လိုက်၏။ တံခါးဝမှာ ရပ်နေတာက…

`ဟင်…အမိုး´

လက်ထဲမှာ လက်နှစ်လုံးသာသာလောက် ငါးအကင်လေးတွေထည့်ထားတဲ့ ပန်းကန်ပြားလေး တစ်ချပ်နဲ့ အမိုးက သူ့ကို တွေ့တော့ အမိုးအပေါ် စီးမိုးနေတဲ့ သူ့အရပ်ကြီးကို မော့ကြည့်ပြီး ပြုံးပြသည်။ ပြီးတော့…

`ဖိုးခွား၊ နေကောင်းရဲ့လား´
`ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အမိုး ဘာလိုလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ အမိုး´ (စိတ်ထဲမှာ အမိုးတယောက် တစ်ခုခု လိုအပ်လို့ လာတာလို့ ထင်နေတုန်း)
`ဘာမှ မလိုပါဘူး၊ အမိုးညက အိပ်မက်သိပ်မကောင်းလို့ ဖိုးခွားတယောက် နေလို့မှ ကောင်းရဲ့လား မသိဘူး ဆိုပြီး လာကြည့်တာ´

သူ ခေတ္တခဏတော့ ဆွံ့အသွား၏။ နှုတ်က အာစေးထည့်ထားသလိုလို ဘာစကားမှ မထွက်နိုင်သေးခင်မှာပဲ အမိုးက ဆက်ပြီး…

`မနက်ကလဲ အမိုးလာသေးတယ်၊ ဖိုးခွားအိပ်ပျော်နေတာလား၊ တံခါးဖွင့်မပေးတာနဲ့ စိတ်ပူပြီး ပြန်သွားရတယ်´
`ဟုတ်…၊ ဟုတ်ကဲ့´
`ဒီငါးတွေက အဘိုးသွားမျှားထားတာလေ´

ထမင်းစားပွဲပေါ်မှာ ငါးကင် ပန်းကန်လေးကို သွားတင်ရင်း ပြောနေတဲ့ အမိုးကို သူ အကြောင်သားဖြင့် လိုက်ငေးနေမိ၏။

`ကဲ…၊ ပြန်မယ်နော်၊ နေကောင်းတယ်ဆို အမိုး စိတ်ပျော်ပြီ´

တုံးတိတိသာ ပြောသွားပေမယ့် စကားထဲက မေတ္တာတရားတွေက ခွင့်လွှတ်နားလည်ခြင်း များစွာကို ကိုယ်စားပြုဖို့ သူ့အခန်းထဲတွင် အမိုးချန်ထားခဲ့၏။

***

စနေနေ့ည…။

တံခါးခေါက်သံ ခွဲခြားသူ စပယ်ရှယ်လစ် လို့ ကိုယ့်ကိုယ်ကို ထင်ထားသူ လူတယောက်ကို သူ့အိမ်တံခါးက လှောင်ပြုံးပြုံးပြီး ကြည့်နေလေ၏။


ကလိုစေးထူး

တာဝန်

ကျွန်မတို့ပတ်ဝန်းကျင်မှာ လူအမျိုးမျိုးကိုတွေ့မြင်နေရပါတယ်။ ဘ၀မှာ အောင်မြင် နေတဲ့သူတွေရော ၊ မအောင်မြင်တဲ့သူတွေရော ၊ လောကဓံ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘ၀မှာနိမ့်ချည် ၊ မြင့်ချည်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကိုရောပေါ့။

အောင်မြင်မှုကိုရရှိနေတဲ့ ၊ အောင်မြင်နေတဲ့သူတွေအကုန်လုံးဟာ သူတို့တွေ တစ်ခုခုကို လိုချင်ရင် လုပ်သင့်တဲ့ လိုအပ်တဲ့အရာမှန်သမျှကိုလုပ်ရမယ်ဆိုတာကို နားလည် သဘောပေါက်ထားကြသူများ ဖြစ်ပါတယ်။ဒီအလုပ်ကိုလုပ်ရင် ဘာဖြစ်လာမယ်။ မလုပ်ရင်ဘာဖြစ်လာမယ်ဆိုတာကို ကောင်းစွာသဘောပေါက်ထားကြသူများဖြစ်ပါတယ်။

ကိုယ်လုပ်လိုက်တဲ့အလုပ်ကြောင့် အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မျှော်မှန်း တွက်ဆထားနိုင်ကြသူများဟာ ဘ၀မှာအောင်မြင်သူများဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူသားတို့သဘာဝအရ သူတစ်ပါးအောင်မြင်ရင် ဒါ သူကံကောင်းလို့ ။ ကိုယ်က မအောင်မြင်တဲ့အခါမှာ သူတစ်ပါးအမှားကြောင့် ကိုယ်မအောင်မြင်ရတာ ဆိုပြီး ပြောဆို နေတတ်ကြပါတယ်။ တကယ်တော့ လူသားဘ၀မှာ အကြောင်းကြောင့် အကျိုးဖြစ်လာ ရတာချည်းပါပဲ။


လူတစ်ဦးဟာရင့်ကျက်ပြီး သက်ရောက်မှုတိုင်းကို ကောင်းမွန်စွာ တုန့်ပြန် နိုင်တဲ့ အရည် အသွေးရှိတယ် ဆိုရင် ဘ၀မှာအဆင်ပြေပြေနေထိုင်နိုင်တာပါပဲ။ ဒါ့အပြင် ကျွန်မတို့ တစ်ဦးချင်းစီမှာ ဘာတွေတာဝန်ရှိသလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း မှာနေလို့ ထိုင်လို့ကောင်းပါတယ်။ဒါဆိုရင် ဘာတွေတာဝန်ရှိပါသလဲ။ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားအတွက် ကျွန်မတို့မှာပဲတာဝန်ရှိပါတယ်။

သိပ်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေမှာတောင် ကျွန်မတို့ရဲ့ စိတ်ကို ထိန်းချုပ် ထားနိုင်မယ် ဆိုရင် လူထဲမှာအဆင်ပြေတာပါပဲ။ ဥပမာ ကားမောင်းသွားရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်ချိန်မမီမှာစိုးတဲ့အတွက် ကိုယ့်ကားအရှေ့မှာပိတ်နေတဲ့ ကားတွေကို ဟွန်း အဆက် မပြတ်တီးတာမျိုး ၊ အော်ဟစ်မယ် ဆိုတာမျိုးကို သင်လုပ်မလား။ ဒါမှမဟုတ် ကားလမ်း ရှင်းအောင်စောင့်ရင်း အေးအေးဆေးဆေး ကားထဲမှာ သီချင်း နားထောင်ရင်း အခြား သူများ ဘာတွေလုပ်နေကြတယ် ဘယ်လိုပြုမူနေကြတယ်ဆိုတာကို ကြည့်မလား။ ကြိုက်ရာကိုရွေးလို့ရပါတယ်။ မိမိသဘောပါပဲ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွက်ရရှိလာမယ့်အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါပဲ။ ကိုယ့်ကားရဲ့အရှေ့မှာ ပိတ်နေ တဲ့ကားတွေကိုစိတ်ဆိုးပြီး အော်ဟစ်မယ် ။


စိတ်တို ဒေါသထွက်မယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို အနည်းငယ် ထိခိုက်နိုင်ပြီး စိတ်ဆိုး စိတ်တို လွယ်တဲ့ အလေ့အကျင့်ဖြစ်လာမှာပါပဲ။ အဲဒီတော့ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထား အတွက် တာဝန် အရှိဆုံးက မိမိကိုယ်တိုင်သာပါပဲ။

လူဆိုတာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရွေးချယ်မှုအတွက် ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ နောက်တစ်ခါ ကျွန်မတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေအားလုံးအတွက်လည်း ကျွန်မတို့ ကိုယ်တိုင်မှာ သာတာဝန်ရှိနေပြန်ပါတယ်။ တစ်ခုခုမကောင်းတာဖြစ်လာခဲ့ရင် အဲဒါဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဘယ်သူ့မှာတာဝန်ရှိတယ် ၊ ဘယ်သူ မကောင်းလို့ဖြစ်ရတာ စသည်ဖြင့်အပြစ်တင်ပြောဆိုနေကြပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်မှာသာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူ ဘယ်ဝါ့ကြောင့်ရယ်လို့ သူတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ နေမယ့်အစား မိမိကိုယ်တိုင်ကရော ဘယ်လောက်ကောင်းနေသလဲ ပြန်ကြည့်ဖို့လိုပါတယ်။ မိမိကိုမိမိ ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။

လူတွေဟာတစ်ဦးချင်းစီမှာ တာဝန်သိစိတ်ရှိမယ်ဆိုရင် လူတစ်ဦးချင်းစီပေါင်းစုဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာလည်း တာဝန်သိစိတ်တွေနဲ့အတူ လူ့ဘောင်လောက ကြီး တိုးတက် သာယာလာမှာပါပဲ။ ကမ္ဘာကြီးတစ်ဘက်မှာ အငြိုးအတေးအဃာတတွေကြောင့် စစ်ပွဲတွေဖြစ်ပွားနေကြတာ ကိုယ့်ကိုသူကဘယ်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ်။ သူကအဲသည်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ် စသည်ဖြင့် ကလဲ့စားချေခြင်း၊ အငြိုးအတေးအ ဃာတကြီးမား နေခြင်းများနှင့်အတူ အပြစ်ဖွဲ့ပုံခြင်းများကြောင့် မငြိမ်းအေးနိုင်ကြဘဲ ပြဿနာများတစ်စတစ်စ ပိုလို့ကြီးထွားလာကြပါတယ်။


ကမ္ဘာလောကကြီးသာယာငြိမ်းအေးဖို့ရာ လူတစ်ဦးချင်းစီမှာ ၊ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုမေ့လျော့နေကြပြီး ကလဲ့စားချေလိုမှု နဲ့ အာဃာတ တွေကိုသာရှေ့တန်းတင်နေကြခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမျိုးရေး ၊ ဘာသာရေး အငြင်းပွားမှုများနဲ့ စတင်လိုက်တဲ့ စစ်ပွဲတွေဟာ ယနေ့အချိန်ထိကိုမပြီးဆုံးနိုင်ကြသေးပါဘူး။

ဒီလိုမျိုးအဖြစ်တွေဆက်လက်ဖြစ်နေတာဟာ ဘယ်သူဘယ်ဝါ့ကြောင့်ရယ်လို့ တစ်ဦးကိုတစ်ဦးလက်ညှိုးထိုးအပြစ်ပုံဖွဲ့နေကြခြင်းကြောင့်ဖြစ်ပါတယ်။ မည်သူမည်ဝါကြောင့်ရယ်လို့ အပြစ်မဖွဲ့ဘဲ လူတစ်ဦးချင်းစီမှာ သစ္စာစောင့်သိစိတ်၊ တာဝန်ယူလိုစိတ်များသာရှိမယ်ဆိုရင် သာယာအေးချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာမလွဲမသွေပါပဲ။



ဟနစံ

ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ

ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။

ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။

မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ

အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊

ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။

ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊

အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်

ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို

ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။

လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။

ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို

တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ

ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက

တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။

လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်

လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်

မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ

ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော

မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို

ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ

ခက်ခဲလှပါသည်။

မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။

မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။

စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။

ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။

သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်

အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး

ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။

ယခုဆိုလျှင် လူတိုင်းသည် ပို၍ပင် သက္ခာကင်းမဲ့သော လုပ်ရပ်များကို

ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။ ဘုရားဟောသော

အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း

များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို

မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု

ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော

ဆန္ဒများကို သက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။

မောင်စေတနာ

About this blog