ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ

ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။

ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။

မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ

အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊

ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။

ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊

အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်

ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို

ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။

လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။

ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို

တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ

ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက

တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။

လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်

လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်

မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ

ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော

မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို

ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ

ခက်ခဲလှပါသည်။

မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။

မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။

စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။

ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။

သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်

အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး

ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။

ယခုဆိုလျှင် လူတိုင်းသည် ပို၍ပင် သက္ခာကင်းမဲ့သော လုပ်ရပ်များကို

ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။ ဘုရားဟောသော

အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း

များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို

မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု

ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော

ဆန္ဒများကို သက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။

မောင်စေတနာ

ငရဲကြီးတယ်ဆိုတာ... (Third Edition)

ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘ၀တိုးတက်မှု ကိုရှာဖွေနေကြပါတယ်။ သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။

အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ၀င်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေါ့။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေါ့။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကားကောင်းကောင်းမပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေါ့။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့
ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။ များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ၀င်ပါနေတယ် လို့ ထင်ကြပြန်ရော။

အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြောရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေါ့။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။ နောက်တစ်ခု က လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမယ့် ကြိုးစား သ လောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေးတာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘ၀ တိုးတက်ရေးလမ်းရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။

လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘ၀က သေလွန်တဲ့အခါမှာ အ၀ီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ ။ အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘ၀မှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မ ကိုယ်တိုင်လည်း အသက်
၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘ၀ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။ အဲသည်နောက် ဘ၀ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေါ့။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့လူငယ်လေးတွေ စဉ်းစားစေချင်ပါတယ်။

မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေးတွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင်လျက် ငရဲကျ မခံချင်ကြပါနဲ့ ။ ဟနစံ

UMDH ဖြင့် မှတ်ဥာဏ် ယိုပေါက်များကို ရှာဖွေခြင်း

Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။

အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။

UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။

ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။)

အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)

ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။


စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set_NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။
(Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။)

သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။

သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p: -f: -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။)

ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သော နေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p: -f: -g ဟု ထပ်မံအမိန့်ပေးပါ။

ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။

("> " ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။)
ဥပမာ
+ 4132 ( 4132 - 0) 1 allocs BackTraceD3
+ 1 ( 1 - 0) BackTraceD3 allocations
(blar blar blar)
MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)
YourProject!leakyFunction+000005EB (d:\leaky.cpp, 325)
(blar blar blar)
kernel32!RegisterWaitForInputIdle+00000049ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။


အထက်ပါ အကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။


လောရှည်

About this blog

Blog Archive