………. ရန်ကုန်မြို့ တိုက်ခန်းတော်တော်များများမှာ မရှိမဖြစ် ရေးပါတဲ့ ပစ္စည်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ..လူခေါ်ခေါင်းလောင်းပါ။ ခေါင်းလောင်းတစ်လုံးကို ၀ရန်တာမှာ နိုင်လွန်ကြိုးနဲ့ ချည်ထားမယ်..အစတစ်ဖက်ကို အောက်ဖက် မြေပြင်ပေါ်ကနေ လူတစ်ယောက် လက်လှမ်းမီသာတဲ့ အမြင့်ထိချထားမယ်။ ..ဒါကို အားလုံးက..အလွယ်တကူ ..ခေါင်းလောင်းကြိုး ..လို့ပဲခေါ်ကြပါတယ်။
……....သိကြတဲ့အတိုင်း နှစ်ထပ်သုံးထပ်ကနေ ..ရှစ်ထပ်အထိရှိတတ်တဲ့..ပုံစံအမျိုးမျိုးသော ကန်ထရိုက်တိုက်ခန်းတွေမှာ(ဓါတ်လှေခါးကလည်းမပါရှိတာမို့)..ကြိမ်ဖန်များစွာ ..အတက်အဆင်း ...မလုပ်ရဖို့အရေး ..အဲဒီခေါင်းလောင်းကြိုး တွေဟာ..အင်မတန်မှ အရေးပါလှပါတယ်။
……....ဧည့်သည်တစ်ယောက်.. လာပြီဆိုပါတော့ ..ကိုယ်တွေ့ချင်တဲ့သူက အဲဒီတိုက်ခန်းတွင်းမှာ ရှိနေမနေ သိရဖို့ကို ခေါင်းလောင်းကြိုးဆွဲပြီးအရင်မေးရပါသေးတယ်။ အပေါ်ကိုတက်သွားပြီးမှ မရှိဘူးဆိုရင် ..ဟိုက်ခနဲ .. မောတော့မှာကိုး။ တစ်ချို့တိုက်ခန်းတွေမှာ အတက်အဆင်းလှေခါးကို တံခါးသော့ခတ်ထားတတ်တာမို့ ..ဧည့်သည်လာတဲ့အခါ .. သက်ဆိုင်ရာအိမ်ရှင်က .. တံခါးသော့ကို အဲဒီ ခေါင်းလောင်းကြိုးကတစ်ဆင့် ချပေးရပါတယ်။…အိမ်ရှင်တွေကလည်း မိမိတို့ခေါင်းလောင်းကြိုးရဲ့ အောက်ဖျားမှာ .. ပစ္စည်းထည့်ဖို့ ကျွတ်ကျွတ်အိတ် ဒါမှမဟုတ် ခြင်းတောင်းငယ်လေးတွေ ချည်ထားလေ့ရှိတယ်။.. တစ်ချို့ကလည်း အိမ်နံပါတ်၊ အခန်းနံပါတ်ကို ကတ်ပြားလေးနဲ့ ချိတ်ဆွဲလို့။
…….… အဲဒီ ခေါင်းလောင်းကြိုးရဲ့ လုံးပတ်ကလည်း အစားစားရှိတယ်။.ကြိုးလုံးခပ်သေးသေး ရှိသလို .. ပစ္စည်းအတင်အချလုပ်ရင် ...၀ိတ်ခံနိုင်အောင်ဆိုပြီးကြိုးလုံးတုတ်တုတ်ကိုလည်း သုံးကြတယ်။ … ဒီကကုန်မာဆိုင်တွေမှာတော့ ..ခေါင်းလောင်းကြိုးဝယ်မယ်ဆိုရင် ကိုယ်နေတဲ့အထပ်ကိုသာပြောလိုက် .. ဆိုင်ရှင်က တစ်ခါတည်း တွက်ချက်ပြီး .. ဘယ်နှစ်ကိုက်ဝယ်သွားလို့ ပြောပေးလိမ့်မယ်။ ဥပမာ - ခုနစ်လွှာအခန်းအတွက်ဆိုရင် ပေခြောက်ဆယ်ကျော်လိုမှာဆိုတော့ .. ကိုက်နှစ်ဆယ်ကျော် အစိတ်လောက်ဝယ်သွားလိုက်ပေါ့ ..ပိုတာကို အ၀တ်တန်းကြိုးလေး ဘာလေးသုံး .. ဟုတ်ပြီလား ။
…….…ကိုယ့်ဆီမှာ ဖုန်းမရှိဘူး .. သူများအိမ်ကနေ တဆင့်ခေါ်ပေးရတာဆိုရင်လည်း .. အဲဒီလိုပဲ ခေါင်းလောင်းကြိုးကိုဆွဲပြီး … ဘယ်သူရေ .. ဖုန်းလာနေတယ်လို့ လာခေါ်ပေးလိမ့်မယ်။ သက်ဆိုင်တဲ့သူက ..လာပြီ .. လာပြီ ..အော်ပြီး ၀ုန်းဝုန်းဒိုင်းဒိုင်း ပြေးဆင်းသွားရတာပဲ ။
ကြိုက်သလောက်ပြော ကျသလောက်ရှင်းပေါ့ ။ … အောက်ရောက်သွားပြီးမှ ပိုက်ဆံကျန်ခဲ့တာတို့ .. တစ်ခုခု မေ့ကျန်ခဲ့တာတို့ဖြစ်ခဲ့ရင် .. အိမ်ပေါ်မှာကျန်ခဲ့တဲ့သူက ..အဲဒီခေါင်းလောင်းကြိုးကပဲ ချပေးရတာ ။ အလှူခံကိုလည်း ..ခေါင်းလောင်းကြိုးကတစ်ဆင့် လှူလို့ရတယ် ။
…….… တစ်ခါတစ်လေ .. ရေမော်တာက တင်လို့မရဘူး ..ရေချူရတယ် ။ … တစ်ယောက်က အောက်ဆင်းပြီး မော်တာနပ်ခေါင်းကိုဖွင့် .. ရေချူ .. အိမ်ပေါ်ကလူက မော်တာခလုတ်ကို အဖွင့်အပိတ်လုပ်ပေး .. ရပြီလား .. ရေတက်လာပြီလား .. အောက်ကအော်မေး .. မလာသေးဘူး .. လာပြီ .. တက်ပြီ ..တက်ပြီ .. အပေါ်ကပြန်အော် .. သြော်-တိုက်ခန်းမှာနေရတဲ့ဘ၀များပြောပါတယ်။
…….…ပြီးတော့ အမှိုက်သမားတွေရှိသေးတယ်.. ။ ..ခေါင်းလောင်းကြိုးဆွဲဆွဲပြီးတော့ … အစ်မရေ .. အမှိုက်ပစ်ဦးမလား လို့အော်မေးတာ။ .. ပစ်မယ်ဆိုရင် သူက အပေါ်တက်လာလိမ့်မယ်။ ..ကိုယ်ဆင်းစရာမလိုတော့ဘူးပေါ့ ။ … ဒါပေမယ့် .. တစ်ခါပစ်ရင် .. တစ်ရာ တစ်ရာ့ငါးဆယ် .. ပေးရတာပဲ .. သူ့ကို … ။
……….နောက်ထပ် ဘာလုပ်ချင်သေးလဲ ။ မနက် ငါးနာရီခွဲ .. ပဲပြုပ် တစ်ဆယ်သားဝယ်မလား … ရမယ်။ … ည ၁၀ နာရီ ၁၁ နာရီ … သကြားမုန့်ဖက်ထုပ်ပူပူလေး စားချင်လား … ရတယ်။ … အဲဒီခေါင်းလောင်းကြိုးကနေ .. ပိုက်ဆံသာချပေးလိုက် ။ ဈေးသည်က မုန့်ဖက်ထုပ် ပြန်ချိတ်ပေးလိမ့်မယ်။ … ကိုယ်ကဆွဲတင်လိုက်ရုံပေါ့ ။ … သြော် … တစ်နေ့တစ်နေ့ .. ရုန်းကန်လှုပ်ရှားနေရတဲ့ ရန်ကုန်မြို့ပြမှာ … သူလည်း .. မိုးလင်းကမိုးချုပ် .. တကယ်အလုပ်ရှုပ်တဲ့ .. ခေါင်းလောင်းကြိုးလေးတွေပါလို့ … ။ ။ ( မိုးဝေ )
REF# PLANET
ခေါင်းလောင်းကြိုး-ယဉ်ကျေးမှု
Posted by
Tun Lin Aung
at
Tuesday, 17 June 2008
0 comments:
Post a Comment