ခရေပွင့်တွေ
တဖွဲဖွဲကြွေလွင့်နေတဲ့
ရွှေအိုရောင်ရင့်ရင့်ခြယ်
ညနေခင်းအရိပ်မှာ
ညီမလေးရေ .. .
မင်းနဲ့ ငါရဲ့ စိတ်တွေ
ကဗျာတစ်ပုဒ်နဲ့ 
ခရေပန်းရနံ့ တွေကြား
လွင့်မြောနေကြ ။
နောက်ပြန်လှည့်မရတဲ့
လမ်းကအလွမ်းအဆွေးတွေ
တပွေ့ ကြီးယူလာမှာကို စိုးတယ်
ညီမလေးရေ ...
မင်းနဲ့ ငါ
နေမမြင် .. လမမြင်
လမ်းမမြင် .. ကမ်းမမြင်
နှလုံးသားမြစ်တစ်စင်းပေါ်
ပွင့်ဖတ်တံတားနဲ့ 
အတူလျှောက်ခဲ့ကြ ။
ကိုယ့်ရဲ့ လမ်းအဆုံးက
ညီမလေးရဲ့  ရင်ခွင်ပါပဲ
ကိုယ့်ရင်ခွင်ကတော့
ညီမလေးရဲ့ ထာဝရရဲတိုက်ပဲပေါ့ .. .
(ဒါပေမယ့်) ကိုယ်တို့ နှစ်ယောက်ရဲ့ 
နှလုံးသားမြိုးပြလမ်းမတွေက
မီးနီတွေရဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ရဲ့ 
ရင်ခုန်စရာညတွေကလည်း
မျက်ရည်တွေဝဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ကြားက
လောကဓံတရားက အချိုးအစားမပြေပြစ်တဲ့
မြစ်ကမ်းပါးနှစ်ဖက်လိုမျိုး
မျက်နှာချင်းဆိုင်ထိုင်ပြီး
အလွမ်းတွေပြိုကျနေတာ
ဝေးကွာမှုက တစ်စတစ်စ ။
ဆောင်းဦးပေါက်ညထဲက
ကိုယ့်ရင်ခုန်သံတွေ
မြန်စေတဲ့ညီမလေးရဲ့ 
ကြယ်မျက်ဝန်းလေးပျောက်ရှတော့
ကိုယ့်နှလုံးသားက
ဆောင်းဦးရွက်ကြွေလို
အသက်ဓာတ်ရယ်က ခပ်ပါးပါး .. . ။
ကိုချို
ညီမလေးနဲ့ ကိုယ်
Posted by
Tun Lin Aung
at
Monday, 11 August 2008
0 comments:
Post a Comment